Shel Silverstein.com

Saturday, July 18, 2009

ဘယ်သူမေ့မေ့ ဒို့မမေ့



ဗမာ့သမိုင်းတလျှောက်မှာ အာဇာနည်ပေါင်းမြောက်များစွာ ရှိခဲ့ပါတယ်၊ အဲ့ဒီအထဲမှာမှ တိုင်းပြည်ကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် အသက်တွေပေးရင်း ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်ရဲဘက် ၉ ယောက်ကို ဗမာ့သမိုင်းမှာ အာဇာနည်ခေါင်းဆောင်များလို့ ကဗျည်းထိုးခဲ့ကြတယ်… ဒီကိစ္စတွေကို ပြောမယ်ဆိုရင် ဦးနေ၀င်းကြီး ကတောင် ကျေးဇူးတရားသိတတ်တဲ့ လူသတ်ကောင်လို့ အမည်တပ်ရင် မမှားဘူးလို့ ကျနော်ထင်မြင်မိပါတယ်…. (ဦးနေ၀င်းကို ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုအပေါ် လူသတ်ကောင်လို့သုံးနှုံးလိုက်ပါတယ်)၊ ဘာဖြစ်လို့လဲဆိုတော့ သူ့လက်ထက်မှာ အာဇာနည်နေ့ကို တိုင်းသိပြည်သိ ကျင်းပပေးခဲ့လို့ပါ။
(သူကအဓိကသမိုင်းတရားခံနော် ခွင့်လွှတ်မယ်လို့တော့ မထင်နဲ့)

ဒီလက်ရှိစစ်အာဏာရူးတွေ (နအဖ) တိုင်းပြည်ကို အာဏာသိမ်းခါ တက်လာပြီး ၁၉၈၉ ခုနှစ် နောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်၏အရှိန်အ၀ါကို မှေးမှိန်စေရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ပြည်သူများက အသိအမှတ်မပြုစေရန်၊ အာဇာနည်နေ့ကို စတင်၍တိုက်ခိုက်ခါ သမိုင်းထဲမှ ဖယ်ထုတ်နေခဲ့ပါတယ်၊ ဒါတွေကို အမှန်တရားကို လက်ခံသော ဗမာနိုင်ငံသားများအားလုံး အသိပင် ဖြစ်ပါတယ်၊ (ယနေ့အချိန်အထိ ပြည်တွင်းက သတင်းစာများမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ နှိုးဆော်စာများ မတွေ့ရသေးပါ)။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်၊ ဗမာ့တပ်မတော်ရဲ့  ဖခင်ဆိုတာကိုကော ဘယ်သူငြင်းနိုင်မှာလဲ ?

ဒါပေမယ့် ခက်နေတာက သမိုင်းအမှန်ကိုသိရက်နှင့် မိမိကောင်းစားရေး၊ မိမိအသက်ရှင် ရပ်တည်ရေးတို့ကို ရှေးရှုနေတဲ့ လူအများကတော့ စစ်အာဏာရှင်တွေဘယ်လိုပဲလုပ်လုပ် လက်ခံနေဆဲပါပဲ၊ ထိုအထဲမှာ အခြေအနေအမျိုးမျိုးအရ သူတို့ရဲ့ လက်အောက်မှာ အသက်ရှင်ရပ်တည်ရင်း တိုင်းပြည်အကျိုးကို တဖက်တလမ်းမှ ဆက်လက်သယ်ပိုးနေသော ပြည်သူ့စစ်သားများကိုတော့ မဆိုလိုပါ၊ သူတို့ကို ဗိုလ်ချုပ်၏ သားများလို့ ကင်ပွန်းတပ်ပါရစေ (ဥပမာ-နအဖ၏ လျှို့ ဝှက်စာတမ်းများကို အများပြည်သူထံသို့ ဖြန့်ဖြူး ပေးနေသော၊ နအဖကို အနီးကပ်စောင့်ကြည့်နေသော နအဖ၏စနစ်ကြီးကိုဖြိုလှဲရန် အသင့်စောင့်ဆိုင်းနေသော ပြည်ချစ်စစ်သားများ) ကို ဆိုလိုပါသည်။


နအဖရဲ့  စစ်အာဏာရှင်စနစ်ဆိုးကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပန်းနေသော ၀န်ကြီးချုပ်များ၊ စီးပွါးရေးပညာရှင်များ၊ အုပ်ချုပ်ရေးပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် အခြေခံ လက်လုပ်လက်စားများ (ဥပမာ -စွမ်းအားရှင်နှင့် ကြံဖွတ်များ)ကို အထက်က မေးခွန်းလေးကို မေးလိုက် ပါရစေ၊ ဗိုလ်ချုပ်ဟာ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်၊ တပ်မတော်ရဲ့  ဖခင်ဆိုတာ ဟုတ်ပါသလားလို့ ?
(အကယ်၍ ဗမာစာကိုတောင်မှာ မဖတ်တတ်ရင်တော့ သူတို့တွေ သိကြမှာတော့ မဟုတ်ပါ)

ဗမာ့သမိုင်းတလျှောက်တွင် ဗမာလူမျိုးများသည် ကျေးဇူးရှိသူကို ကျေးဇူးဆပ်ကြပြီး၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလာခဲ့သည်ကို တွေ့မြင်ခဲ့ကြရမှာပါ၊ သို့သော် ယနေ့ခေတ်သို့ရောက်မှသာ အုပ်ချုပ်သူ လူတန်းစားများ သည်၊ မိမိတို့ စနစ်ဆိုးကြီးခိုင်မြဲစွာရပ်တည်နိုင်ဖို့အတွက် ဗမာလူမျိုးတို့၏ ကျေးဇူးသိတတ်သော သမိုင်းကို ဖျောက်ဖျက်နေကြပါတယ် (ကျေးဇူးကန်းနေကြခြင်းပါ)။

နောက်ပြီး မျိုးဆက်သစ်များကိုလည်း သူတို့ရဲ့  စနစ်ကြီးတွင် တသားထဲကျသွားအောင် သင်ကြားထိန်းကြောင်း နေပါတယ်၊ ဗမာပြည်ရှိ ရုံးများ၊ ကျောင်းများ၊ ဌာနဆိုင်ရများတွင် ဗိုလ်ချုပ်၏ ပုံများချိန်ဆွဲခဲ့ရမှ ယခုအခါ သူတို့ပုံများဖြင့် အစားထိုးခဲ့ကြပါတယ်၊ မည်သည့်သမိုင်း အစဉ်အလာရ သူတို့ဟာ တိုင်းပြည်ကို ကယ်တင်ခဲ့သော ကယ်တင်ရှင်များ ဖြစ်ခဲ့ပါသလဲလို့ မေးလိုက်ပါရစေ၊ (ပြည်သူ့အာဏာကို မတရားသိမ်းပိုက် ထားပြီးတော့) အခြေခံပညာရေးများတွင်လည်း ဗိုလ်ချုပ်တို့၏ သမိုင်းများကို ဖျောက်ဖျက်နေပါသေးသည်။

စစ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်မှာ ပြည်သူတရပ်လုံးအား အတိတ်က သမိုင်းများကို မေ့လျှော့စေရန် နည်းပညာများဖြင့် စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ပါသည်၊ အနာဂတ်မျိုးဆက်များကို မိမိတို့ပြုလုပ်ခဲ့သော သမိုင်းများကိုမသိရှိရန်ရည်ရွယ်၍ သမိုင်းအမှန်များကို ဖျောက်ဖျက်နေကြပါသည်၊ မျိုးဆက်အသစ်တဆက် ဖြစ်ပေါ်လာတဲ့အခါ သူတို့သွားလိုသော စနစ်ကြီးဆီသို့ တိုင်းပြည်ကိုဆက်လက်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မည်သို့ပင် ဖျောက်ဖျက်စေခါမူ တိုင်းပြည်ကိုချစ်သော ဗမာနိုင်ငံသားများ၊ ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းပြည်ကိုတကယ်စေတနာမှန်ဖြင့် တိုးတက်စေလိုသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများမှ အာဇာနည်နေ့ကို ဆက်လက်ထိန်းသိမ်းကြပြီး၊ မိမိတို့ကိုယ်တိုင်ပင် အာဇာနည်များ အဖြင့် ဗမာ့သမိုင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း…



(ဤပိုစတာလေးဖြင့် ဗိုလ်ချုပ်အား အလေးပြုလိုက်ပါတယ်)
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤနေရာမှ အလေးပြုလိုက်ပါသည်။

မှတ်ချက်၊ ၊ (ဓါတ်ပုံများကို (http://arzarni.blogspot.com/, http://hteinkmin.blogspot.com/ ) ကူးယူရရှိပါသည်)

[+/-] Show Full Post...

Sunday, July 12, 2009

အာရှတိုက်ရဲ့တစ်နေရာ

(၁)
အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ
လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
(နှစ်ယောက်က ညီအစ်ကို)
ဘင်္ဂလားဒေရှ်လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရောခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့
(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့
(၄)
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္မဏီတစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ဘ၀ဟာ ဘာမှ မသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား
(၀ဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့)
ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်
တစ်ခါတစ်လေ နံရံပေါ်က ကမ္ဘာ့မြေပုံကို ကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး
ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး
“နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ
(၅)
“အမျိုးသားက နိုင်ငံခြားမှာလေ……”ဆိုပြီး
ရပ်ကွက်ထဲမှာ တစ်ချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကို ခွဲခွါခဲ့
သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွါခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
“လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်”လို့ ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့……….
(၆)
ခုတော့
အာရှကျားတွေရဲ့ပါးစပ်ထဲက
အမဲသားတစ်ဖက်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့အနာတွေပါ
ရင်းနေတဲ့အနာတွေပါ။ ။

ကြည်မောင်သန်း
အောက်တိုဘာ၊ ၂၀၀၅။

[+/-] Show Full Post...

လက်လုပ်ပုံပြင်

မုတ်သုံဘယ်နှစ်ခေတ်စာ ငါတို့
ကျောက်တုံးကျောက်ခဲတွေလို ဆွံ့အနေထိုင်ခဲ့ကြပြီလဲ
ပတ္တမြားယောင်မဆောင်ဘဲ နွံအတုထဲ တွင်းဆုံးအထိ ခုန်ဆင်းလိုက်ကြ
ခေတ်အဆက်ဆက် အိပ်မက်တွေအညွန့်တုံးနေခဲ့တာ
ဟောဒီ့ရပ်ပြစ်ရှစ်ပါးတွေ တဗြောဗြောရွာသွန်းခဲ့ရာဖုန်းဆိုးမြေမှာလေ။

အမှန်တကယ် ငါတို့ဘာမှ မတတ်နိုင်ကြတော့ဘူးလား၊
သူလိုငါလိုအသက်ရှူရရုံသက်သက်နဲ့
လူ့အဖြစ်ကို မျက်နှာပြောင်တိုက်ကြ၊ ထိုးကျွေးကြ
အသေခံမလား၊ ဖ(-)ခံမလားလို့ ဖြစ်တည်မှုက ထမေးတဲ့အချိန်မှာ
ငါတို့ဟာ ခပ်ရှက်ရှက်နဲ့ပဲ ဒုတိယအရာကိုရွေးချယ်လိုက်ကြရဲ့။

ရပ်မနေဘူး၊
တချိန်တော့ ငါတို့လည်း ကြီးရင့်အရွယ်ရောက်လာကြ
သားမြေးမြစ်မျိုးဆက်သစ်တွေရှေ့ မှာ
လူကြီးသူမ တန်ဆာပလာတွေထဲ ငါတို့ ကောက်ကာငင်ကာ ပစ်ဝင်
ပြီး.. မျိုးဆက်သစ်တွေကို ခပ်တည်တည်သွန်သင်ဆုံးမကြပေလိမ့်
ရန်သူမျိုးငါးပါး။ ရပ်ပျက်ရှစ်ပါးအကြောင်းတွေ တရားဟောလို့ 
ငါတို့ကိုယ်ငါတို့  ပုံပြင်ထဲက ဇာတ်လိုက်ကြီးတွေလုပ်လို့။

ဇာတ်လမ်းထဲမှာ
ငါတို့ ဟာ
ကိုယ့်အတ္တကြီးမှန်းကိုယ် မသိနိုင်လောက်သည်အထိ
ပိပိရိရိ ဟန်ဆောင်ကောင်းခဲ့ကြတယ်ဆိုတဲ့ အချက်ကိုတော့
တစ်ညီတစ်ညွတ်တည်း ထိန်ဝှက်ထားခဲ့ကြမယ်။ ။

ဟိုလူ
The Third Testament blog မှ

[+/-] Show Full Post...

Sunday, March 22, 2009

မြစ်သံလွင်နှင့် စကားပြောခြင်း

သံလွင်ရေ ...
ငါဟာ မင့်ရဲ့
အရင်းနှီးဆုံး မိတ်ဆွေခရီးသည်တဦးပါ။

မင့်ဆီလာရာလမ်းမှာ
ဒုက္ခသည်စခန်းတွေကလည်း
ဒုက္ခတွေနဲ့ ကျကျနန လှလို့။

လမ်းတွေကလည်း ကွေ့ကောက်
မြေပြင်လွှာကလည်း တွန့်ခေါက်
မရောက်ဖြစ်တာကြာနေခဲ့တဲ့ ငါ့ကို
မင်း စိတ်များကောက်နေမလားပဲ
ခါတိုင်းလို တောပန်းလေးတွေခမျာ
ပွင့်ဖို့ကို မေ့လျော့နေသလိုပဲ။

တလမ်းလုံး
အမြစ်မခိုင်တော့တဲ့ သစ်ပင်တွေကလည်း
ယိုင်ခွေချည့်နဲ့
ဆောင်းနှောင်းနှင်းတွေကလည်း
ဖွက်ထားတဲ့လမ်းကို မပြချင်ပြချင်နဲ့
အဲဒီလမ်းပေါ်မှာ
ခါတိုင်းလို မြင်နေကျမျက်နှာတွေ
ငါ တွေ့ခွင့်ရမှ ရပါလေစ။

ခုတခေါက် မင့်ဆီလာရာလမ်းဟာ
မျှော်လင့်မထားတဲ့ သူစိမ်းဆန်မှုတွေနဲ့
တကယ်တော့
မင်းဘက်က မငြင်းဆန်နိုင်လို့သာ
မင်းငါ့ကို ပြန်လက်ခံရတယ်
စိတ်ထဲတော့ သိပ်လိုလိုလားလား မရှိတော့ဘူးလို့
ငါ ထင်မှတ်ခံစားနေရတယ်။

ဟိုတုန်းကလိုပဲ
မင်းရဲ့ နံဘေးမှာထိုင်ပြီး
မပြတ်တမ်းခရီးနှင်နေတဲ့
မင်းရဲ့ရေအလျင်စီးဆင်းနေမှုကို ငါထိုင်ငေးတယ်
မင်းသီဆိုနေကျ ဘ၀သီချင်းကို ငါနားထောင်တယ်
မင်းသင်ကြားတဲ့ လောကအဘိဓမ္မာကို ငါနာယူတယ်
ဒါပေမယ့် ...
မင်းဟာ ငါ့အပေါ်
အရင်လို နွေးနွေးထွေးထွေး ရှိနေသေးတာ
ငါ အံ့သြနေမိတယ်။

ငါမပြန်ခင် တညမှာ
ငါမင်းနဲ့ စကားပြောခွင့်ရခဲ့တယ်
သဲသောင်ပြင်ကို လက်နဲ့ထိုးဆွခဲ့တဲ့
ကိုထက်မိုး ထိုင်ခဲ့တဲ့ နေရာလေးကို
ကိုနေလ ဂစ်တာထိုင်တီးခဲ့တဲ့ ကျောက်ဆောင်ကလေးကို
သူတို့ ... သူတို့တွေရဲ့ အိမ်အလွမ်း
တိုက်ပွဲနဲ့ လွတ်မြောက်ရေးသီချင်းတွေဆိုရာ
အမှတ်တရ နေရာကလေးတွေကို၊
ဘယ်လောက် ခက်ခဲ ခက်ခဲ
ကျောက်ဆောင်နဲ့ သဲသောင်ပြင်ပေါ်မှာ
အမြစ်စွဲရှင်သန်နေတဲ့ မိုးမခပင်ကလေးတွေကို
မင်းက တခုတ်တရငါ့ကို ပြခဲ့တယ်။

မနက်ဖြန်မှာ
ငါပြန်ရဦးမယ်ဆိုတော့
မင်းက လှိုက်လှိုက်လှဲလှဲ ရယ်မောတယ်
ပြီးမှ ... ငါ့ကို နှုတ်ဆက်စကား ပြန်ပြောတယ်
“သဘောပဲ
လာတယ်၊ ပြန်တယ်ဆိုတာ
ငါ့အဖို့ ရှိလည်းမရှိဘူး၊ သိလည်းမသိဘူး” တဲ့
အဲဒီလိုပြောပြီး မင်း ဆက်လက်စီးဆင်းနေခဲ့တယ်။

သံလွင်ရေ
မင့်ဆီက အပြန်လမ်းမှာ
ဒုက္ခသည်စခန်းတွေကလည်း
ဒုက္ခတွေနဲ့ ကျကျနန လှလို့ ။ ။

ကမာပုလဲ
၂၀၊ ၀၃၊ ၂၀၀၉

[+/-] Show Full Post...