သံလွင်ရေ ...
ငါဟာ မင့်ရဲ့
အရင်းနှီးဆုံး မိတ်ဆွေခရီးသည်တဦးပါ။
မင့်ဆီလာရာလမ်းမှာ
ဒုက္ခသည်စခန်းတွေကလည်း
ဒုက္ခတွေနဲ့ ကျကျနန လှလို့။
လမ်းတွေကလည်း ကွေ့ကောက်
မြေပြင်လွှာကလည်း တွန့်ခေါက်
မရောက်ဖြစ်တာကြာနေခဲ့တဲ့ ငါ့ကို
မင်း စိတ်များကောက်နေမလားပဲ
ခါတိုင်းလို တောပန်းလေးတွေခမျာ
ပွင့်ဖို့ကို မေ့လျော့နေသလိုပဲ။
တလမ်းလုံး
အမြစ်မခိုင်တော့တဲ့ သစ်ပင်တွေကလည်း
ယိုင်ခွေချည့်နဲ့
ဆောင်းနှောင်းနှင်းတွေကလည်း
ဖွက်ထားတဲ့လမ်းကို မပြချင်ပြချင်နဲ့
အဲဒီလမ်းပေါ်မှာ
ခါတိုင်းလို မြင်နေကျမျက်နှာတွေ
ငါ တွေ့ခွင့်ရမှ ရပါလေစ။
ခုတခေါက် မင့်ဆီလာရာလမ်းဟာ
မျှော်လင့်မထားတဲ့ သူစိမ်းဆန်မှုတွေနဲ့
တကယ်တော့
မင်းဘက်က မငြင်းဆန်နိုင်လို့သာ
မင်းငါ့ကို ပြန်လက်ခံရတယ်
စိတ်ထဲတော့ သိပ်လိုလိုလားလား မရှိတော့ဘူးလို့
ငါ ထင်မှတ်ခံစားနေရတယ်။
ဟိုတုန်းကလိုပဲ
မင်းရဲ့ နံဘေးမှာထိုင်ပြီး
မပြတ်တမ်းခရီးနှင်နေတဲ့
မင်းရဲ့ရေအလျင်စီးဆင်းနေမှုကို ငါထိုင်ငေးတယ်
မင်းသီဆိုနေကျ ဘ၀သီချင်းကို ငါနားထောင်တယ်
မင်းသင်ကြားတဲ့ လောကအဘိဓမ္မာကို ငါနာယူတယ်
ဒါပေမယ့် ...
မင်းဟာ ငါ့အပေါ်
အရင်လို နွေးနွေးထွေးထွေး ရှိနေသေးတာ
ငါ အံ့သြနေမိတယ်။
ငါမပြန်ခင် တညမှာ
ငါမင်းနဲ့ စကားပြောခွင့်ရခဲ့တယ်
သဲသောင်ပြင်ကို လက်နဲ့ထိုးဆွခဲ့တဲ့
ကိုထက်မိုး ထိုင်ခဲ့တဲ့ နေရာလေးကို
ကိုနေလ ဂစ်တာထိုင်တီးခဲ့တဲ့ ကျောက်ဆောင်ကလေးကို
သူတို့ ... သူတို့တွေရဲ့ အိမ်အလွမ်း
တိုက်ပွဲနဲ့ လွတ်မြောက်ရေးသီချင်းတွေဆိုရာ
အမှတ်တရ နေရာကလေးတွေကို၊
ဘယ်လောက် ခက်ခဲ ခက်ခဲ
ကျောက်ဆောင်နဲ့ သဲသောင်ပြင်ပေါ်မှာ
အမြစ်စွဲရှင်သန်နေတဲ့ မိုးမခပင်ကလေးတွေကို
မင်းက တခုတ်တရငါ့ကို ပြခဲ့တယ်။
မနက်ဖြန်မှာ
ငါပြန်ရဦးမယ်ဆိုတော့
မင်းက လှိုက်လှိုက်လှဲလှဲ ရယ်မောတယ်
ပြီးမှ ... ငါ့ကို နှုတ်ဆက်စကား ပြန်ပြောတယ်
“သဘောပဲ
လာတယ်၊ ပြန်တယ်ဆိုတာ
ငါ့အဖို့ ရှိလည်းမရှိဘူး၊ သိလည်းမသိဘူး” တဲ့
အဲဒီလိုပြောပြီး မင်း ဆက်လက်စီးဆင်းနေခဲ့တယ်။
သံလွင်ရေ
မင့်ဆီက အပြန်လမ်းမှာ
ဒုက္ခသည်စခန်းတွေကလည်း
ဒုက္ခတွေနဲ့ ကျကျနန လှလို့ ။ ။
ကမာပုလဲ
၂၀၊ ၀၃၊ ၂၀၀၉
Shel Silverstein.com
Sunday, March 22, 2009
မြစ်သံလွင်နှင့် စကားပြောခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment